ဆေးရောင်စုံများကြားတွင် ပျော်ရွှင်စွာပြေးရသည့် ” MAB ဆေးရောင်ခြယ် Run” ပွဲတော်ကို မန္တလေးမြို့၌ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၆ ရက်နေ့က အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပြီး လူပေါင်း (၅၀၀၀) ကျော် ပါဝင်ဆင်နွှဲခဲ့သည်။
“MAB ဆေးရောင်ခြယ် Run” ဖွင့်ပွဲအခမ်းအနားသို့ မန္တလေးတိုင်း ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်နှင့်အတူ မန္တလေးတိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာ့ရှေ့ဆောင်ဘဏ် ဥက္ကဌ ဦးချစ်ခိုင်နှင့်အတူ မြန်မာ့ရှေ့ဆောင်ဘဏ်မှ တာဝန်ရှိလူကြီးမင်းများ၊ ဝန်ထမ်းများ တက်ရောက်ခဲ့ပြီး ပြေးပွဲတစ်လျှောက်ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့သည်။
MAB ဆေးရောင်ခြယ် Run သည် ပြည်သူလူထုစိတ်အပန်းဖြေနိုင်ရန်ရည်ရွယ်ချက်ဖြင့် မန္တလေးတိုင်းဒေသကြီးအစိုးရနှင့် ပူးပေါင်းကျင်းပသည့် အပျော်တမ်းရောင်စုံပြေးပွဲဖြစ်ပြီး ပါဝင်သူများအားလုံးကို အထိမ်းအမှတ်တန်းတူဆုတံဆိပ်များ (Finisher Medal) ပေးအပ်ခဲ့ပါသည်။ ပြေးလမ်းမှာ ၅ ကီလိုမီတာရှိပြီး Hilton Hotel Mandalay ၊ မန္တလေးကျုံးအရှေ့ဘက်တစ်လျှောက်မှ ရွှေမန်းတောင်ဂေါက်ကွင်းအထိဖြစ်သည်။
ပြေးပွဲအတွင်း ပြေးလမ်းကြောင်းတစ်လျှောက်တွင် ရောင်စုံမှုန့်များ ပက်ဖျန်းခဲ့ရာ ယင်းအမှုန့်များမှာ စားသောက်ကုန်လုပ်ငန်းများတွင် အသုံးပြုသည့် နိုင်ငံတကာအသိအမှတ်ပြုကာလာ အမှုန့်များဖြစ်ကာ ယင်းအမှုန့်များနှင့် ဓါတ်မတည့်ခြင်းမျိုးရှိပါက ဝင်ရောက်ဆင်နွှဲခြင်းမပြုသင့် ကြောင်းကို လည်း ကြိုတင်ကြေညာထားခဲ့ပါသည်။
မြန်မာ့ရှေ့ဆောင်ဘဏ်မှ MAB Say Yaung Chel Run လက်မှတ်ရောင်းရငွေများအားလုံးကို မြန်မာ့ရှေ့ဆောင်ဘဏ် ၁၀ နှစ်ပြည့်အထိမ်းအမှတ် အဖြစ် မြန်မာ့ပညာရေးမဏ္ဍိုင်အတွက်လှူဒါန်းခဲ့ရာ စုစုပေါင်း အလှူငွေ သိန်းပေါင်း (၃၂၅) သိန်းရှိခဲ့သည်။ ထို့ပြင် မန္တလေးတိုင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း မြန်မာ့ရှေ့ဆောင်ဘဏ်မှ ကျပ်သိန်း ၁၀၀ ကို မန္တလေးတိုင်းအစိုးရအဖွဲ့အားလှူဒါန်းခဲ့သည်။
ဤပွဲကြီးတွင် ဖျော်ဖြေရေးအစီအစဉ်များအနေဖြင့် နာမည်ကျော်အဆိုတော်များဖြစ်သည့် အောင်ထက်၊ ဖြိုးပြည့်စုံ၊ J-Fire၊ ဖြူဖြူကျော်သိန်း၊ ကေကေမိုး တို့မှ တေးသီချင်းများဖြင့်သီဆိုဖျော်ဖြေခဲ့သည်။ ထို့ပြင် ကောင်းမြတ်စံ၊ ကျော်ထက်ဇော်၊ ဒီး(The Model Academy) အစရှိသည့်အနုပညာရှင်များ၊ စည်သူထွန်း(Siraveller) ၊ ယဉ်ယဉ်နှောင်း(Mandalarian) အစရှိသည့် Social Influencer များလည်းပါဝင်ဆင်နွှဲခဲ့သည်။
ထို့အပြင် ပူပေါင်းပါဝင်အားဖြည့်ခဲ့သော Sponsor များမှလည်း ဆိုင်ခွဲများဖွင့်လှစ်ခဲ့ပြီး MAB ဘက်မှလည်း ပန်းဝင်လာသူများကို စတုဒိသာများကျွေးမွေးဧည့်ခံပေးခဲ့ပါသည်။