မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) မှ အသေးစားငွေကြေးလုပ်ငန်းများထံ ဘဏ္ဍာရေးအထောက်အပံ့အနေဖြင့် ချေးငွေ ကျပ် ၅၇ ဘီလီယံ ချထားပေးခြင်းအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ၃၀ ရက်တွင် Union Financial Center B ရန်ကုန်မြို့ ၌ ပြုလုပ်ခဲ့သည်။
လက်မှတ်ရေးထိုးပွဲအခမ်းအနားတွင် အသေးစားငွေကြေးလုပ်ငန်းများဖြစ်သော Fullerton Finance (Myanmar) Company Limited၊ Proximity Finance Microfinance Company Limited၊ Vision Fund Myanmar Company Limited၊ Early Dawn Microfinance Company Limited၊ Pact Global Microfinance Fund နှင့် မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) တို့ပူးပေါင်းပြီး အသေးစား ငွေကြေးလုပ်ငန်းများကို ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့နိုင်ရန် လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။
Microfinace ကုမ္ပဏီတွေက မြန်မာနိုင်ငံမှာရှိတဲ့ အသေးစားလုပ်ငန်းများကို အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ရပ်ကနေ ကူညီနိုင်တာကိုတွေ့ရပါတယ်။ အသေးစားလုပ်ငန်းများကလည်း အလုပ်အကိုင်အခွင့်လမ်းဖန်တီးပေးနိုင်တဲ့ အရေးကြီးတဲ့ ကဏ္ဍတစ်ရပ်ကပါရှိနေပါတယ်။ ဒါကြောင့် Microfinance ကုမ္ပဏီတွေကို ချေးငွေထုတ်ချေးခြင်းဖြင့် အသေးစားလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ ကူညီထောက်ပံ့ပေးနိုင်တဲ့ ဘဏ်တစ်ခုဖြစ်ရတဲ့အတွက်လည်း ဝမ်းသာကျေနပ်မိပါတယ် ဟု မြန်မာ့ရှေ့ဆောင်ဘဏ်၏ Chief Business Officer ဖြစ်သူ ဦးကျော်နီခင်မှပြောကြားခဲ့သည်။
ထို့နောက် အခြေခံလူတန်းစားများနှင့် အသေးစားလုပ်ငန်းများကို ကူညီထောက်ပံ့ပေးနိုင်ရန် ငွေကြေးဆိုင်ရာလိုအပ်ချက်များကို နားလည်အောင်ကြိုးစားပြီး ဆန်းသစ်တီထွင်သော ငွေကြေးဆိုင်ရာ ဖြေရှင်းချက်များနှင့် ကူညီထောက်ပံ့နေကြောင်း၊ ကုမ္ပဏီတစ်ခုချင်းစီ၏ ဖွဲ့စည်းပုံ၊ နောက်ခံသမိုင်းကြောင်းများနှင့် လိုက်ဖက်သော ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့မှုများကိုလည်း ပေးလျက်ရှိကြောင်းကို မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) မှ Deputy Chief Business Officer ဦးဇော်မိုးအောင်က ရှင်းလင်းတင်ပြခဲ့သည်။
အခမ်းအနားတွင် မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) နှင့် အသေးစားငွေကြေးလုပ်ငန်းကုမ္ပဏီ (၅)ခုတို့မှ နားလည်မှု သဘောတူစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ကာ အမှတ်တရဆုတံဆိပ်များ ပေးအပ်ခဲ့ပြီး တက်ရောက်လာသော မီဒီယာများ၏ မေးမြန်းမှုများကိုလည်း အသေးစိတ်ရှင်းလင်းဖြေကြားခဲ့ပါသည်။