ဆေးရောင်စုံများကြားတွင် ပျော်ရွှင်စွာပြေးရမည့် “MAB ဆေးရောင်ခြယ် Run” ပွဲတော်ကို ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၆ ရက်နေ့တွင် မန္တလေးမြို့၌ ကျင်းပသွားမည်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ခေတ္တဝန်ကြီးချုပ်ဖြစ်သူ ဦးဇာနည်အောင်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် MAB ၏ Deputy Chief Operating Officer ဖြစ်သူ ဦးမျိုးသက်နိုင်မှ တက်ရောက်လာသော မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် မီဒီယာများကို နှုတ်ခွန်းဆက်စကားဆိုခဲ့သည်။
“ပြေးပွဲပြုလုပ်ရခြင်းကတော့ ကျွန်တော်တို့ မြန်မာ့ရှေ့ဆောင်ဘဏ် MAB ရဲ့ ၁၀ နှစ်ပြည့် အထိမ်းအမှတ်တွေထဲက ပွဲတော်တစ်ခုဖြစ်ပါတယ်။ ပွဲအတွင်းမှာရရှိတဲ့ လက်မှတ်ရောင်းရငွေတွေ အကုန်လုံးကိုလည်းမြန်မာ့ပညာရေး မဏ္ဍိုင်တိုးတက်ရေးရည်ရွယ်ချက်နဲ့ လှူဒါန်းသွားမှာဖြစ်ပါတဲ့အတွက် ပါဝင်ဆင်နွှဲသူတွေအနေနဲ့ လက်မှတ်ဝယ်တယ်လို့ သဘောမထားဘဲ အလှူ အတန်းပြုလုပ်ခြင်းအဖြစ်မှတ်ယူနိုင်ပါတယ်”ဟု ဦးမျိုးသက်နိုင်မှဆိုသည်။
အဆိုပါပွဲတော်သည် ပြည်သူလူထု၏ စိတ်အပန်းဖြေနိုင်ရန် ရည်ရွယ်ချက်ဖြင့် မန္တလေးတိုင်းဒေသကြီး အစိုးရနှင့် ပူးပေါင်းကျင်းပသည့် အပျော်တမ်း ရောင်စုံပြေးပွဲဖြစ်ပြီးပါဝင်သူများအားလုံးကို အထိမ်းအမှတ် တန်းတူဆုတံဆိပ်များ (Finisher Medal) ပေးအပ်သွားမည် ဖြစ်ပါသည်။
ပြေးလမ်းသည် Hilton Hotel Mandalay၊ မန္တလေးကျုံးအရှေ့ဘက် တစ်လျှောက်မှ ရွှေမန်းတောင် ဂေါက်ကွင်းအထိ ၅ ကီလိုမီတာခန့်ကွာဝေးသည်။
ထို့ပြင်ပြေးလမ်းကြောင်းတစ်လျှောက်တွင်အသုံးပြုမည့်ရောင်စုံမှုန့်များမှာ စားသောက်ကုန်လုပ်ငန်းများတွင် အသုံးပြုသော နိုင်ငံတကာအသိအမှတ်ပြုကာလာမှုန့်များ ဖြစ်ပြီး ယင်းအမှုန့်များနှင့်ဓါတ်မတည့်ခြင်း ရှိပါက ဝင်ရောက် ယှဉ်ပြိုင်ခြင်းမပြုသင့်ကြောင်း အများပြည်သူထံ ကြိုတင်သတိပေး ကြေညာသွားခဲ့သည်။
ထို့နောက် မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) Strategy and Planning ဌာနမှ Vice President ဖြစ်သူ ဒေါ်ခိုင်မမမွန်မှ ပွဲနှင့် ပတ်သက်ပြီးအသေးစိတ်ကို ရှင်းလင်းတင်ပြခဲ့သည်။
“ပွဲတစ်လျှောက်ပျော်ရွှင်စရာအစီအစဉ်တွေနဲ့ ပြည့်နှက်နေမှာဖြစ်သလို ပွဲအတွင်းကျန်းမာရေး၊ အစားအသောက်၊ သန့်ရှင်းရေးအစီအစဉ်တွေကို အသေးစိတ်ကြပ်ကြပ်မတ်မတ်ပြုလုပ်ထားပြီးမန္တလေးမြို့နေပြည်သူများတင်မက ရန်ကုန်က မိတ်ဆွေများကိုလည်း “MAB ဆေးရောင်ခြယ် Run” မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါရစေ”ဟု ဒေါ်ခိုင်မမမွန်က ပြောကြားခဲ့သည်။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးကျော်ဆန်းမြင့် ကလည်း မြန်မာ့ရှေ့ဆောင်ဘဏ်၏ “MAB ဆေးရောင်ခြယ် Run”နှင့် ပူးပေါင်းပါဝင်ဖြစ်ပုံ၊ မြို့တော်သန့်ရှင်းရေး၊ နေရာချထားရေးနှင့် လုံခြုံရေးကိစ္စရပ်များအတွက် စီမံထားပုံများကို ရှင်းလင်းတင်ပြခဲ့သည်။
“MAB ဆေးရောင်ခြယ် Run”တွင် ပါဝင်လိုသူများအနေဖြင့်အွန်လိုင်းမှ (www.mabsayyaungchelrun.com) Register ပြုလုပ်နိုင်သလို၊ သတ်မှတ်ဘဏ်ခွဲများတွင်လည်း Register ပြုလုပ်နိုင်ပါသည်။ပါဝင်ဆင်နွှဲသူများကိုလည်း မြန်မာ့ရှေ့ဆောင်ဘဏ်(MAB)မှ ကျပ်တစ်သောင်းခွဲတန်ဖိုးရှိ လက်ဆောင်များ (Runner Pack) များပြန်လည်ပေးအပ်သွားမည်ဖြစ်သည်။
Register ပြုလုပ်စဉ်က ကြိုတင်ရွေးချယ်ခဲ့သော မြန်မာ့ရှေ့ဆောင်ဘဏ်ခွဲများတွင် မှတ်ပုံတင်နှင့်တကွ Runner Pack များထုတ်ယူရမည်ဖြစ်သည်။
“MAB ဆေးရောင်ခြယ် Run” နှင့်ပတ်သက်သည့် သတိပြုရမည့် အသေးစိတ်အချက်အလက်များကို MAB Call Center 01 8610612 သို့ ၂၄ နာရီမေးမြန်းစုံစမ်းနိုင်သလို www.mabsayyaungchelrun.com တွင်လည်း ကြည့်ရှုနိုင်ပါသည်။