Menu
သင်္ဂဟဖောင်ဒေးရှင်းမှ ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် စုပေါင်းသစ်ပင်စိုက်ပွဲပြုလုပ်
Posted On
July 7, 2019

သင်္ဂဟဖောင်ဒေးရှင်းမှ ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် စုပေါင်းသစ်ပင်စိုက်ပွဲပြုလုပ်

သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးနှင့် ထိန်းသိမ်းကာကွယ်ရေး၊ မျိုးဆက်သစ်လူငယ်ထုအတွင်း သစ်ပင်စိုက်ပျိုးလိုစိတ်နှင့် စိုက်ပျိုးပြီးသစ်ပင်များ ရေရှည် ရှင်သန်ကြီးထွားအောင်ထိန်းသိမ်းစောင့်ရှောက်လိုစိတ်များဖြစ်ထွန်းလာစေရန်ရည်ရွယ်၍ သင်္ဂဟဖောင်ဒေးရှင်းမှ သစ်တောဦးစီးဌာနနှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်တို့ ပူးပေါင်းကာ စုပေါင်းသစ်ပင်စိုက်ပွဲကို ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အမှတ် ၂ လမ်းမကြီးဘေးတွင်တည်ရှိသော ရန်ကုန်စီးပွားရေးတက္ကသိုလ် လက်အောက်ရှိ ရွာသာကြီးနယ်မြေဝင်းအတွင်းမြေနေရာ၌ ယနေ့ (၂၀၁၉ ခုနှစ်၊ ဇူလိုင်လ၊ ၆ ရက်၊ စနေနေ့) နံနက် ၈ နာရီတွင် ကျင်းပခဲ့ပါသည်။

သစ်ပင်စိုက်ပျိုးပွဲ မစတင်မီ ပင်မဆောင်ခန်းမ၌ ကျင်းပသော အခမ်းအနားတွင် ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်္ဂဟဖောင်ဒေးရှင်း အထွေထွေအတွင်းရေးမှူး ဦးသန်းထွဋ်မှ စုပေါင်းသစ်ပင်စိုက်ပျိုးရခြင်း၏ ရည်ရွယ်ချက်များ၊ သင်္ဂဟ ဖောင်ဒေးရှင်းတည်ထောင်ရသည့်အကြောင်းရင်းများနှင့် သစ်ပင်စိုက်ပျိုးရခြင်း၏ ကောင်းကျိုးများကိုအကျယ်တဝင့် ရှင်းလင်းတင်ပြသွားခဲ့ပါသည်။

ထို့နောက် ရန်ကုန်စီးပွားရေးတက္ကသိုလ် တွင် ယနေ့စိုက်ပျိုးမည့် သစ်ပင်များဆက်လက်ရှင်သန်စေရေးအတွက် မတည်လှုဒါန်းငွေကျပ် သိန်း ၃၀ ကို ပါမောက္ခချုပ် ဒေါက်တာတင်ဝင်းကို လှူဒါန်းပေးအပ်ခဲ့သည့်အပြင် သစ်ပင်များဆက်လက်ရှင်သန်စေရေးနှင့် စိမ်းလန်းစိုပြေစေရေးအတွက် ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီးနယ်မြေ) ကျောင်းသားသမဂ္ဂ ဒုဥက္ကဋ္ဌ အား မတည်လှုဒါန်းငွေ ကျပ် ၁၅ သိန်းပေးအပ်လှုဒါန်းခဲ့ပါသည်။

အခမ်းအနားတွင် ပိုမိုစိမ်းလန်းစိုပြေသော ကမ္ဘာမြေကို မိမိတို့မျိုးဆက်အတွင်းမှာပင် ဖန်တီးလိုစိတ် လူငယ်ထုအတွင်းကိန်းအောင်စေရန် ရည်ရွယ်ချက်ဖြင့် ယခုနှစ် သစ်ပင်စိုက်ရာသီအမှီ သင်္ဂဟဖောင်ဒေးရှင်းမှ စီစဉ်ဖြန့်ဝေလှုဒါန်းသည့် ကာတွန်းပညာရှင် အော်ပီကျယ်သရုပ်ဖော်ရေးဆွဲသော “သစ်ပင်စိုက်ပါ ကာတွန်းမှတ်စု” ကို အခမ်းအနားတက်ရောက်သူတိုင်းကို လက်ဆောင်ပေးခဲ့သည့်အပြင် သစ်ပင်စိုက်ပျိုးရာတွင် သတိထားသင့်သည့်အချက်များ၊ စိုက်ပျိုးပြီးသစ်ပင်များ ရှင်သန်စေရန် ပြုစုပေးရမည့် အချက်များနှင့် သစ်ပင်စိုက်ပျိုး ထိန်းသိမ်းလျှင် ရရှိနိုင်သည့် အကျိုးကျေးဇူးများပါဝင်သော ပညာပေးလက်ကမ်းစာစောင်များ ကိုလည်း ဝေငှခဲ့ပါသည်။

ယနေ့ စုပေါင်းသစ်ပင်စိုက်ပွဲတွင် သင်္ဂဟ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ Eden Group နှင့် ညီနောင်ကုမ္ပဏီများမှ ဝန်ထမ်းများ၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ဆရာကြီး ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် သစ်တောဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ စုစုပေါင်း အင်အား ၅၀၀ ကျော်အတူစုပေါင်း၍ အပင်ပေါင်း ၁၂၀၀ ကျော်စိုက်ပျိုးခဲ့ကြပါသည်။